Search This Blog

မင်းသွီးခိုင်ဘလော့ဂ်ကိုပြင်ဆင်တည်ဆောက်နေပါသည်။
လာရောက်ကြည့်ရှုသူအပေါင်း ကျန်းမာကြပါစေ

Thursday, April 14, 2011

သား

(၁)

အချိန်ကား ဗိုလ်ချုပ်နေ၀င်း၏အိမ်စောင့်အစိုးရကာလ။ တနည်းဆိုသော်
ကွန်မြူနစ်ချေမှုန်းရေးကာလ။ ကွန်မြူနစ်ချေမှုန်းရေးသည် အိမ်စောင့်အစိုးရ၏
(ပ) ဦးစားပေး စီမံချက်ဖြစ်သဖြင့် စစ်ဆင်ရေး ကြီးငယ်များက မြန်မာပြည်၏
နေရာအနှံ့တွင် ရှိနေသည်။

နေရာကား ရှမ်းပြည်နယ် နှင့် ဗမာပြည်မ၏ နယ်နိမိတ်သဖွယ် ဖြစ်နေသည့်
ပေါင်းလောင်း နန့်ဖာဒေသ။ ထိုဒေသတွင် ဗမာပြည်ကွန်မြူနစ်ပါတီ၏
ရှမ်းပြည်နယ်တောင်ပိုင်းခရိုင် အခြေစိုက်ထားသည်။
ပေါင်းလောင်းနန့်ဖာဒေသသည် ပါတီဗဟိုဌာနချုပ်ရုံး (PHQ) ရှိနေသော
ပဲခိုးရိုးမနှင့် ဆက်သွယ်ရေးကောင်းမွန်သော ဒေသတခုဖြစ်ခြင်း၊ ရပ်စောက်၊
အင်တော၊ ကျောက်ကူ၊ မိုးကုတ်၊ မိုးမိတ် ဒေသများမှတဆင့် တရုတ်ပြည်နယ်စပ်အထိ
ဆက်သွယ်ရေးလမ်းကြောင်း ရှိနိုင်ခြင်း စသည်တို့ကြောင့် စစ်ရေးအရ
အလွန်အရေးပါသော ဒေသဖြစ်၍ အိမ်စောင့်အစိုးရမှ တောင်ကြီးအခြေစိုက်
တပ်မမင်းဗိုလ်မှူးကြီးသိန်းတုတ်၏ ကြေးစားစစ်တပ်များ ခြေချင်းလိမ်နေသည့်
နေရာဖြစ်သည်။ ရန်သူ့ထိုးစစ်များက သဲသဲမဲမဲ၊ မိုးရေများက တဖွဲဖွဲ
ဖြစ်နေသည့် အချိန်လည်းဖြစ်သည်။

“မွေးပြီတော့။မွေးပြီ။ ယောက်ျားလေး “

ရွာမှ လက်သည်အမျိုးသမီး၏ စကားသံအကြားတွင် သူမတကိုယ်လုံး
မြောက်တက်သွားသလို ခံစားရသည်။ နာရီပေါင်းများစွာ ခံစားခဲ့ရသည့်
နာကျင်မှု၊ ပင်ပန်းမှုများသည် ဘယ်ဆီသို့ ရောက်ကုန်သည်မသိ။
အမျိုးအမည်မသိရသော ခံစားချက်တို့က အစားထိုး ၀င်ရောက်လာခဲ့သည်။
ပီတိဆိုသည်မှာ ဤသည်ကို ခေါ်လေသည်လား မသိ။ မျိုးဆက်သစ်ဆိုသော အသိက
ခွန်အားသစ်တို့ကို မွေးဖွားပေးလာသည်။ တော်လှန်ရေးကာလ၊ တိုက်ပွဲများ
ကြားတွင် လူ့လောကထဲ ရောက်လာသည့် တော်လှန်ရေး မျိုးဆက်။ ပါတီ၏ မျိုးဆက်။

လက်သည်အမျိုးသမီးပေးလာသည့် နီတာရဲ ကလေးလေးအား ပွေ့ချီရင်း ရွာနှင့်
မနီးမဝေးတွင် ရဲဘော်တချို့နှင့်အတူ လုံခြုံရေး ကင်းစောင့်နေသည့်
ခင်ပွန်းသည်ကို သတိရလာသည်။ သူသိလျှင် မည်မျှ ၀မ်းသာမည်မသိ။

သူမတို့ပါတီ လက်နက်ကိုင်တော်လှန်ရေး (A/S) သို့ ဆင်းစဉ်ကတည်းက
တော်လှန်ရေးထဲသို့ ပြိုင်တူလိုလို ရောက်ခဲ့ကြသည်။ သို့ပေမယ့် ပါဝင်သည့်
တပ်ရင်းမတူခဲ့ကြပါ။ ဖူးစာဆုံချင်တော့ ပျဉ်းမနား စစ်မျက်နှာတွင်
ဆုံတွေ့ခဲ့ကြသည်။ (၁၉၅၀)၊ စက်တင်ဘာ (၁)ရက်တွင် ဖွဲ့စည်းသော
ပြည်သူ့တပ်မတော်တွင် အတူတကွ ပါဝင်ခဲ့ကြသည်။ လက်နက်ကိုင်တော်လှန်ရေး
ဒီရေအတက်အကျ တလျှောက်လုံး တိုက်ပွဲအသီးသီးကို ရင်ဆိုင် ဆင်နွှဲခဲ့ကြသည်။
နောက်ပိုင်း ပါတီ၏ တာဝန်ပေးချက်အရ ရှမ်းပြည်နယ်တောင်ပိုင်း ခရိုင်
အခြေခံဒေသတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည်။

“ကျွန်မသွားမှ ဖြစ်တော့မယ်။ အစစအရာရာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်“

မွေးဖွားပြီးကာစ သွေးနုသားနုဆိုပေမယ့် အသက်အန္တရာယ် လုံခြုံရေးကိုက
ပိုဦးစားပေးရသည်။ ရန်သူ့ စစ်ကြောင်းရှောင်ရင်း တောထဲတွင်
ဗိုက်နာလာသည်မို့ နီးစပ်ရာ ရွာသို့ ၀င်၍ ကလေးမီးဖွားရခြင်းဖြစ်သည်။
ပြောက်ကျားအဖွဲ့မို့ သူမတို့တွင် လူအင်အား သိပ်မပါလာခဲ့။ ရဲဘော်အချို့က
ရွာပြင်တွင် ကျန်ခဲ့ပြီး၊ သူမနှင့် အင်းလေးဒေသသူ ရဲဘော်တယောက်က
ရွာတွင်းဝင်လာခဲ့ကြခြင်းဖြစ်သည်။

(၂)

တဲထဲမှ ထွက်လာပြီး မကြာခင်မှာပင် ရွာပြင်မှ သေနတ်သံများကို
စတင်ကြားရသည်မို့ သူမတို့နှစ်ယောက် တယောက်မျက်နှာ တယောက်ကြည့်မိကြသည်။
ရွာပြင်မှာ တိုက်ပွဲဖြစ်နေပြီ။ သူမလက်ထဲတွင်က ယနေ့မှ လူ့လောကထဲ
ရောက်လာသည့် ကလေးငယ်လေး ရှိနေသည်။ ဘာလုပ်ရမည်နည်း။

အတွေးတို့မဆုံးမီ သူမတို့ထံသို့ ကမျောသောပါး ပြေးလာသော ရဲဘော်တယောက်ကို တွေ့ရသည်။

”ဗိုလ်ဘသိုက်က မှာလိုက်တယ်။ သူတို့ခံပစ်ထားမယ်တဲ့။ ရန်သူတွေ
ရွာထဲမရောက်ခင် အမြန်ပြေးပြီး၊ ------ရွာမှာ စောင့်နေပါတဲ့။
အချိန်မရှိဘူး။ ကျွန်တော်တို့ ရွာထဲက ချက်ချင်းထွက်မှဖြစ်မယ်“

ခင်ပွန်းသည် ရဲဘော်ဘသိုက်အတွက် စိုးရိမ်သွားမိသော်လည်း၊ စောဒက
မတက်မိတော့။ သူမ၏ ခင်ပွန်းသည်သည် ကိုယ်ကျိုးစွန့်အနစ်နာခံတတ်သည့်
တပ်မှူးကောင်းတယောက်။ စစ်မြေပြင်တွင် တပ်မှူး၏ ဆုံးဖြတ်ချက်သည်သာ
အတည်ဖြစ်သည်မို့ သားငယ်လေးကိုပိုက်၍ သုတ်ခြေတင်ရတော့သည်။
ချိန်းထားသည့်နေရာတွင် အချိန်အတန်ကြာစောင့်ပေမယ့် ကိုဘသိုက်တို့
ရောက်မလာခဲ့။ ရန်သူတပ်များ တောင်ယာမကျန် ရွာဖုန်းဆိုးများကိုပါ
ပိုက်စိပ်တိုက်နေခြင်း၊ ပင်မတပ်ဖွဲ့နှင့် အချိန်မှီ
ပူးပေါင်းရန်လိုအပ်ခြင်းတို့ကြောင့် ရွာမှ ရင်းနှီးသူမိသားစုထံတွင်
သားလေးအားခဏအပ်နှံ၍ ရှေ့ခရီးဆက်ရသည်။

သိပ်မကြာလိုက်။ ပင်မတပ်ဖွဲ့နှင့် ပေါင်းမိပြီးနောက်ပိုင်း
ချစ်ခင်ပွန်းသည်တို့၏ အဖြစ်ဆိုးကို ရင်နင့်ဖွယ် ကြားခဲ့ရသည်။
အဆမတန်အင်အားကြီးမားသည့် ရန်သူ့တပ်များအား ခုခံချေမှုန်းရင်း
ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ကြလေပြီ။ ရန်သူ့တပ်များဝိုင်းကာ
လက်နက်ချခိုင်းသည့်ကြားမှ ဒူးမထောက်၊ အညံ့မခံခဲ့။ နောက်ဆုံးအချိန်ထိ
လက်နက်ကို စွဲကိုင်ကာ တိုက်ပွဲဝင်သွားခဲ့ကြသည်။ တိုက်ရဲ၊ သေရဲခဲ့ကြသည်။

လုံခြုံရေးအခြေအနေ အတန်ငယ် စိတ်ချရတော့ သားလေးအား ခဏထားခဲ့သည့်
----ရွာသို့ သူမပြန်ဝင်သည်။ မျိုးဆက်သစ်သားငယ်လေးအား သူ့ဖခင်ကဲ့သို့သော
တော်လှန်ရေးသားကောင်းတယောက် ဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရမည်။

မျှော်လင့်ချက်ကြီးစွာဖြင့် ရွာသို့ရောက်စဉ်မှာပင် အလာကောင်းပေမယ့်
အခါနှောင်းပြီမှန် သိလိုက်ရပြန်သည်။ နေ၀င်း၏ ဖက်ဆစ်ကြေးစားစစ်တပ်များ
ကမ်းကုန်အောင် ရမ်းကားသွားခဲ့ပြန်လေပြီ။ ရွာကို မီးရှို့ရုံမက
ရွာသူရွာသားအများအပြားကိုပင် ရိုက်နှက်ညှဉ်းပန်းခဲ့ကြသည်။
မည်သူမျှဖော်ကောင်မလုပ်ခဲ့ကြ။ ကလေးငယ်ကို လုံခြုံသော
နေရာတွင်ဖွက်ထားခဲ့ကြသည်။ ကျေးလက်နေပြည်သူများအား ညှဉ်းပန်းနှိပ်စက်ကာ
အိုးအိမ်များကို ဖျက်ဆီးလိုက်လျှင် တော်လှန်ရေးအရှိန်ကို
ရိုက်ချိုးနိုင်မည်ဟု ယုတ်မာစွာ ယူဆထားသည့် ကြေးစားစစ်တပ်၏ ပြယုဂ်ကို
နာကျည်းဖွယ် တွေ့မြင်ရသည်။

ကြေးစားတပ်များ ရွာမှထွက်သွားပြီးနောက်ပိုင်း အခြေအနေကို စိတ်မချသည်နှင့်
သူမကလေးအား စောင့်ရှောက်ထားသော မိသားစုသည် ပင်းတယဒေသသို့
ပြောင်းရွှေ့သွားကြောင်း ကြားသိရပြန်သည်။ ကြေးစားတပ်အန္တရာယ်ကိုကြောက်၍
ရွာအမည်အား ပြောမထားခဲ့။ ကလေးအား လူဖြစ်အောင်မွေး၍ အရွယ်ရောက်လာချိန်တွင်
သူမထံသို့ ဖြစ်သည့်နည်းဖြင့် ပို့ပေးမည်ဆိုသော စကားတခွန်းကိုသာ
ကြားလိုက်ရတော့ သူမရင်ကွဲနာကျရပြန်သည်။ ဤသို့သော စစ်မက်ကာလတွင်
မိတ်ဆွေများ၏ စေတနာကိုလဲ သူမသဘောပေါက်ပါသည်။ သို့ပေမယ့်
ကိုယ့်ရင်သွေးလေးကို ရင်အုပ်မကွာ စောင့်ရှောက်ချင်သည်ကတော့ မိခင်တိုင်း၏
မေတ္တာပင် မဟုတ်ပါလား။ နို့အုံတွေ တင်းလာသည့် အခါတိုင်း မိခင်နို့ချို
တစက်မှ မစို့လိုက်ရသည့် သားငယ်လေးအတွက် မျက်ရည်အတန်တန် ကျခဲ့ရသည်ပဲလေ။

(၃)

အချိန်ကား (၁၉၈၂)။

နေရာကား ပွေးလှမြို့။

ပွေးလှမြို့သည် ပင်းတယနယ်ထဲမှ ဖြစ်ပြီး၊ ဓနုတိုင်းရင်းသားအများစု
နေထိုင်သည့် မြို့ဖြစ်သည်။ တိုက်နယ်ဆေးရုံငယ်တခုရှိပြီး၊
(၅)ရက်တဈေးရှိသည့် မြို့ငယ်လေးဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ (၁၉၇၉)
ပန်ဆန်းတိုးချဲ့ဗဟိုအစည်းအဝေးမှ အသစ်ဖွဲ့စည်းခဲ့သော အလယ်ပိုင်းဗဟိုဌာနခွဲ
နယ်မြေတွင် ပါဝင်သည်။

ခင်ပွန်းသည်ဆုံး၊ သားလည်းပျောက်အခြေအနေများ ဖြစ်ပွားပြီးသည့်နောက်ပိုင်း
ရေရှည်ပူဆွေးဖို့ သူမမှာ အချိန်မရခဲ့။ နေ၀င်းကြေးစားတပ်၏
စစ်ကြောင်းများနှင့် တိုက်ပွဲများစွာ ရင်ဆိုင်ဆင်နွှဲခဲ့ရသည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်သန်းတင်၏
မိုးလုံးဟိန်းစစ်ဆင်ရေး၊ ဂဠန်စစ်ဆင်ရေးများကို ကြံ့ကြံ့ခိုင်
ရင်ဆိုင်ခဲ့ရသည်။ ( ၁၉၇၁)တွင် ဖွဲ့စည်းသော (၁၀၈) စစ်ဒေသ၏
လူထုစည်းရုံးရေးများတွင် စွမ်းစွမ်းတမံပါဝင် ဆောင်ရွက်ခဲ့သည်။ ထိုမှတဖန်
(၁၀၈)စစ်ဒေသနှင့် (၆၈၃) တပ်မဟာနယ်မြေမှ ကေဒါများနှင့်
ပါတီဝင်များပါဝင်သည့် အလယ်ပိုင်းဗဟိုဌာနခွဲကို ဖွဲ့စည်းပြီး
နောက်ပိုင်းတွင်လည်း ပါတီမှ ပေးအပ်သော တာဝန်များကို အသက်နှင့်ရင်း၍
ကျေပွန်အောင် ထမ်းဆောင်ခဲ့သည်။ အလုပ်တာဝန်များနှင့် ပိနေ၍ နာကျင်ခဲ့ရသော
ရင်ထဲမှ ဒဏ်ရာများက အကင်းသေစ ပြုနေခဲ့ပါပြီ။ ထိုဒဏ်ရာများကို
အသစ်တဖန်တူးဆွစေခဲ့သည်ကား---။

ထုံးစံအတိုင်း ပွေးလှဈေးနေ့သည် ဈေးသွားဈေးလာများဖြင့်
စည်ကားလို့နေသည်။ ငါးရက်တဈေးမို့ နီးစပ်ရာနယ်ပေါင်းစုံမှ
ဈေးရောင်းဈေးဝယ်များဖြင့် ပြည့်လျှံနေသည်။ တာဝန်နှင့်
ရွာထဲမြို့ထဲဝင်လျှင် ထိုလိုနေ့မျိုးကို သူမရွေးချယ်လေ့ရှိသည်။
ကြံကြံဖန်ဖန် ကံကြမ္မာက ဖန်တီးလာတော့ နှစ်ပေါင်းများစွာ
ပျောက်ဆုံးနေသောသူကို သူမတွေ့လိုက်ရသည်။

“ဦးခွန်သိန်း။ ဦးခွန်သိန်း။ ဟုတ်ပါတယ်နော်“

ဓနုတိုင်းရင်းသူတယောက်လို ရုပ်ဖျက်ထားသည့် သူမကို ထိုသူက မမှတ်မိ။

“ကျွန်မမမြကြည်ပါ။ ဟို-ကျွန်မကလေးလေးလေ၊ ဦးခွန်သိန်းတို့ စောင့်ရှောက်ပေးတာ“

ထိုသူကဘေးဘီဝဲယာကိုကြည့်သည်။

“ဒီမှာပြောလို့မကောင်းဘူး။ အိမ်ခဏလိုက်ခဲ့ပါလား“

သားဇောကြောင့် လုံခြုံရေးကိုပင် ဂရုမစိုက်မိ။ ထိုသူခေါ်ရာသို့ တကောက်ကောက်
လိုက်ဖြစ်သွားသည်။

“သား။ သားလေးကောဟင်“

အိမ်သို့ရောက်ရောက်ချင်း အမောတကောမေးမိသည်။ အခုဆိုသားလေးလဲ
အသက်နှစ်ဆယ်ကျော်ရှိနေလောက်ပြီ။ အိမ်ထောင်ရက်သားများ ကျနေပြီလား။
ကလေးငယ်လေးသာ ရှိနေရင်တော့ မြေးလေးကိုပါ တွေ့ရချည်ရဲ့ဟုပင်
စိတ်ကူးယဉ်လိုက်မိသည်။ တချိန်က အမာခံဖြစ်ခဲ့သူတယောက်လက်တွင်
ကြီးပြင်းလာသော သူမ၏သားထံတွင် တော်လှန်ရေးအသိနှင့် စိတ်ဓာတ်တို့
ရှိနေမည်မလွဲ။ သားကို အခြေစိုက်ဒေသသို့ ခေါ်သွားရမည်။ တော်လှန်ရေး၏
မျိုးဆက်သစ်တယောက်အဖြစ် လမ်းညွှန်ပျိုးထောင်ပေးရမည်။

သူမ၏ လတ်တလောစိတ်ကူးယဉ် အိပ်မက်တို့သည် ခေါင်းကိုတွင်တွင် ငုံ့ထားသော
ထိုသူ၏ အပြုအမူတို့ကြောင့် ရုတ်ချည်းပျောက်ကွယ်သွားရသည်။

“သားလေး၊ သားလေး ဘာဖြစ်လို့လဲဟင်။ သက်ဆိုးမရှည်ဘူးလား“

ဦးခွန်သိန်းက ခေါင်းကို ရမ်းသည်။

“ဦးခွန်သိန်း။ ကျွန်မကို အဖြစ်မှန်ပြောပြပါ။ ဘာတွေပဲဖြစ်ဖြစ်
ကျွန်မရင်ဆိုင်နိုင်ပါတယ်။ တော်လှန်ရေးသမားတယောက်ရဲ့ ဘ၀ဟာ
ခါးသီးနာကျည်းဖွယ်ရာတွေနဲ့ ပြည့်နှက်နေစမြဲ ဆိုတာကို ကျွန်မနားလည်တယ်“

“သက်ဆိုးမရှည်ရင်တောင် ကောင်းဦးမယ်ဗျာ။ အခုတော့---“

ဦးခွန်သိန်း၏ တောက်ခေါက်သံကို ကျယ်လောင်စွာ ကြားရသည်။ ဘာမှန်းမသိ၍
သူမမှာ အသက်ပင် မရှူမိ။

“နေဦး။ ကျုပ်ပြမယ်“

ဦးခွန်သိန်းက အိပ်ခန်းထဲသို့ဝင်၍ ပတ်စ်ပို့ဒ်ဓာတ်ပုံလေးတပုံအား
ယူလာပြသည်။ ဓာတ်ပုံထဲမှ ကြေးစားစစ်ယူဖောင်း၊ ပခုံးတွင်
ကြယ်နှစ်ပွင့်နှင့် လူငယ်သည် ၀င့်ထည်စွာ ပြုံးနေလေသည်။ အရာရာကို
ရင်ဆိုင်ရဲသည်ဟု မှတ်ယူထားသော သူမသည် ထိုပုံကို တွေ့လိုက်ရသော
အခါတွင်တော့ ရင်ထဲတွင် နင့်ကနဲနေအောင် ခံစားလိုက်ရသည်။ ဖအေတူသား။
သို့ပေမယ့် ဖအေလျှောက်ခဲ့သည့် သစ္စာတရားလမ်းမပေါ်တွင် ရောက်နေသူမဟုတ်ပဲ
ဖအေကိုသတ်ခဲ့သည့် ကြေးစားစစ်တပ်၏ အမိုက်မှောင်လမ်းပေါ်တွင် ရောက်နေလေပြီ။

“ကျုပ်အပြစ်ပါဗျာ။ ကျုပ်ကို ကြိုက်တဲ့ အပြစ်ပေးပါ“

ဦးခွန်သိန်း၏ ဆို့နင့်နေသော စကားသံကို ကြားရတော့မှ ဓာတ်ပုံကို
စိုက်ကြည့်ပြီး အသေကောင်တယောက်လို ငြိမ်နေသော သူမ သတိဝင်လာသည်။

“ဘယ်လိုဖြစ်ရတာလဲရှင်။ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မကို ပြောပြပေးပါ“

“ဖက်ဆစ်နေ၀င်းတပ်တွေ ရွာထဲဝင်လာတော့ ကျုပ်တို့ ကလေးကို လုံခြုံတဲ့နေရာမှာ
ဖွက်ထားခဲ့တယ်။ ဒီကောင်တွေသိပ်ယုတ်မာတယ်။ တရွာလုံးကို ရိုက်နှက်၊
မီးတင်ရှို့ပြီး ပြန်မထွက်ခင်မှာ ကြိမ်းသွားတာက သူပုန့်သွေးကို
အရှင်မထားဘူး။ တွေ့တာနဲ့ မီးပုံထဲ ပစ်ချမယ်တဲ့။ ကျုပ်တို့လဲ လန့်ပြီး
ပြေးခဲ့ကြတာ။ ကလေးလေးကို မသေစေချင်ဘူးလေ။ ကံဆိုးချင်တော့ ဒီနယ်ရောက်ပြီး
မကြာခင်မှာပင် ကျုပ်မိန်းမက ကောက်ခါငင်ခါဆုံးတယ်။ ကျုပ်က
ပန်းနာရင်ကြပ်ဖြစ်တယ်။ နောက်ဆုံးပင်းတယဆေးရုံကို ရောက်လာတဲ့ ဆရာလေး
ဒေါက်တာခင်မောင်အေးက ကလေးကိုမွေးစားမယ်ဆိုတာနဲ့ ကလေးအနာဂတ်အတွက် သူနဲ့
ထည့်ပေးလိုက်တာ။ သူတောင်ကြီးပြောင်းတော့ တပါတည်းပါသွားတယ်။
ကျုပ်ပြန်တွေ့ရတဲ့ အခါကျတော့ သူက စစ်ကျောင်းဆင်းပြီးနေပြီ။ ကျုပ်ကို
လာကန်တော့သွားတယ်။ ကျုပ်လေ-ကျုပ် အားလုံးကောင်းဖို့ စေတနာနဲ့
လုပ်ခဲ့တာပါ။ အခုတော့ ကျုပ်စေတနာက အဆိပ်ပင်ကို ရေလောင်းလိုက်သလို
ဖြစ်သွားပြီ“

ယောက်ျားရင့်မာကြီးတယောက်၏ ယူကြုံးမရ ငိုကြွေးနေသံကို စိတ်မကောင်းစွာ
ကြားရသည်။ သူမစိတ်တို့သည်လည်း ချုံးချုံးကျသွားသလို ခံစားလိုက်ရသည်။
တိုင်းပြည်အတွက် အဖိုးတန်သော လူငယ်လေးတွေသည် ကြေးစားစစ်တပ်၏ အစေအပါး၊
လူသတ်သမားများ ဘ၀သို့ သက်ဆင်းနေရသည်ကို တွေးမိတိုင်း နှမျောတသဖြစ်ခဲ့ရသူ၊
သူမသည် ယခုတော့ ၀မ်းနှင့်လွယ်မွေးခဲ့ရသော ကြေးစားစစ်ဗိုလ်လေး၏
မိခင်ဘ၀ရောက်နေရပါပကောလား။

“သူ့နာမည်ဘယ်လိုခေါ်လဲ“

“စစ်အောင်။ ဗိုလ်စစ်အောင်တဲ့“

“ကျွန်မဒီဓာတ်ပုံလေး ယူသွားမယ်နော်။ ခွင့်ပြုပေးပါ“

“ယူသွားပါ။ ကျုပ်ဒါပေးပေးလိုက်နိုင်တော့တာကို စိတ်မကောင်းဘူး။ ကျုပ်ကို
ခွင့်လွှတ်ပါ“

“ရပါတယ်။ ခေတ်စနစ်ဆိုးရဲ့အောက်မှာ ဒီလိုတွေ ဖြစ်တတ်တာ အများကြီးပါ။ ကျွန်မသွားမယ်“

ခံစားချက်ကို တာဝန်ဆိုသော အသိနှင့် ထိန်းရင်း သူမဆက်လျှောက်ရမည့်
လမ်းပေါ်သို့ ပြန်ခဲ့ရလေသည်။

(၄)

အချိန်ကား (၁၉၈၃)ခု။

နေရာကား နန့်လန်နယ်။

အလုပ်ကိစ္စတခုဖြင့် နန့်လန်နယ်အတွင်းမှ ရွာငယ်တခုသို့ ရောက်ရှိနေသည်။
နန့်လန်မြို့အခြေစိုက်စစ်တပ်၏ စစ်ကြောင်းများ နယ်မြေတွင်းရှိနေပေမယ့်
အနီးအနားမှ ရွာတရွာတွင် မိမိတို့ တပ်စုတစုရှိနေသည်မို့ စိတ်ချလက်ချပင်
တယောက်တည်းထွက်လာဖြစ်ခဲ့သည်။ ပြန်ခါနီး ရွာလူကြီး မိသားစုမှ
ထမင်းစားအတင်းခေါ်နေသဖြင့် ခေတ္တ၀င်ထိုင်ဖြစ်သည်။
ပြောက်ကျားစစ်ဒေသ၊လှုပ်ရှား နယ်မြေတွင် လူထုများနှင့်
ရင်းနှီးခင်မင်မှုသည် တော်လှန်ရေးအတွက် အရေးပါလှသည်။

အချိန်အားဖြင့် သိပ်မကြာလိုက်။ အိမ်ဝိုင်းထဲမှ မသင်္ကာဖွယ်ရာ
အသံတချို့ကြားရသည်မို့ ပါလာသည့်သေနတ်ကို ဆွဲထုတ်ရသည်။ အခြေအနေကို
လေ့လာကြည့်တော့ ရန်သူများ ၀ိုင်းထားသည်ကို တွေ့ရသည်။ ခုခံပြီး
ခုန်ချထွက်ပြေးလျှင်တော့ လွတ်ချင်လွတ်နိုင်မည်။ သေနတ်သံကြားသည်နှင့်
----ရွာအနီး တောင်ယာတဲများတွင် အခြေစိုက်ထားသော တပ်စုက
ချက်ချင်းလိုက်လာလိမ့်မည်။

ထိုရည်ရွယ်ချက်ဖြင့် သေနတ်ကို မောင်းတင်စဉ်ခဏ။

အလို---ဘာသံပါလိမ့်။ ငိုသံ။ ကလေးငယ်တယောက်၏ ငိုရှိုက်သံ။ ရွာလူကြီး ဇနီးက
ကလေးငယ်၏ ပါးစပ်ကို အတင်းပိတ်ထားသည်မို့ ၀ူးဝူးဝါးဝါး ဖြစ်နေသည်။သူမ
သေနတ်ပြောင်းက အောက်သို့ ငိုက်သွားသည်။ ကြေးစားစစ်တပ်သည်
လူစိတ်ကင်းမဲ့နေသော တပ်ဖြစ်သည်။ အိမ်ပေါ်တွင် ကလေးငယ်တယောက်ရှိနေသည်ကို
ဂရုစိုက်မည်မဟုတ်။ သူမစပစ်သည်နှင့် ကျည်ဆံများက တဲထဲသို့ တရဟော
ဝင်လာလိမ့်မည်။ သူမလွတ်အောင် ရှောင်နိုင်ပေမယ့် သနားစဖွယ် ကလေးငယ်နှင့်
မိသားစုတခု အသက်ဆုံးရလိမ့်မည်။ ထိုရွာလူကြီး မိသားစုသည်
တော်လှန်ရေးကာလတလျှောက်တွင် သူမတို့အား ကူညီအားပေးခဲ့သည့် သူရဲကောင်း
ပြည်သူများဖြစ်သည်။

သေနတ်တချက်မှ မဖောက်ပဲ အသာတကြည်ပင် သူမအဖမ်းခံလိုက်ပါသည်။ ရွာတွင်းတွင်
စစ်တပ်သတင်းပေးတယောက်ယောက်ရှိနိုင်သည်ဆိုသော အချက်ကို သူမပေါ့လျော့စွာ
သတိမပြုခဲ့မိခြင်းသာဖြစ်သည်။

အဖမ်းခံခြင်းသာဖြစ်သည်။ လက်နက်ချခြင်းမဟုတ်။ ဒါကို သူတို့သိအောင်
သူမပြောရသည်။ ရွာသားများရှေ့တွင် လူမဆန်အောင် ၀ိုင်းဝန်းရိုက်နှက်
ကန်ကျောက်ခြင်းကို ခံရသည်။ အသားနာသည်ထက် ရင်ထဲတွင် ပိုနာရသည်က သူမအား
ဖမ်းဆီးနှိပ်စက်ကာ ခွဲရုံးအခြေစိုက်နေရာကို မေးနေသော စစ်ကြောင်းမှ
အရာရှိသည် လွန်ခဲ့သော နှစ်ဆယ့်လေးနှစ်ကျောက်က သူမမွေးဖွားထားခဲ့သော သူမ၏
သားရတနာ ဖြစ်နေခဲ့ခြင်းပင်။

”ဗိုလ်ကြီး။ ကွန်မြူနစ်တွေ အလုံးအရင်းနဲ့ ဒီဘက်ကို ဆင်းလာတယ် သတင်းရတယ်“

“ရွာထဲမှာ ကြာလို့မဖြစ်ဘူး။ ဒါသူတို့နယ်မြေ။ နန့်လန်တပ်ကို
ချက်ချင်းသတင်းပို့။ စစ်ကူတောင်း။ ဆုတ်ဖို့ပြင်တော့“

“သူ့ကို ဘယ်လိုလုပ်မလဲ“

“ကွန်မြူနစ်မ။ ခေါင်းသိပ်မာတယ်။ ရှင်းပစ်လိုက်။ နေဦး။ ငါပစ်မယ်“

သွေးအိုင်များကြားတွင် လဲနေသော သူမရှိသမျှအားကို စုစည်း၍
ခေါင်းထောင်ရသည်။ သားလေးမည်မျှ ရက်စက် ယုတ်မာနေသည်ပဲဖြစ်ဖြစ်၊ အမေသတ်သော
သားအဖြစ် ဘ၀သံသရာအဆက်ဆက် ငရဲခံရမည်ကို သူမမလိုလား။

“သားမပစ်နဲ့။ မှားမယ်၊ ပပစ်နဲ့“

သားလေး၏ ပြောင်းဝကို ရှောင်ရင်း အနီးမှ စစ်သည်တယောက်၏ ပြောင်းဝသို့
ပြေးအ၀င်။ ထိုစစ်သည်ကလဲ အလန့်တကြား သေနတ်မောင်းခလုတ်ကို ဆွဲအဖြုတ်။

ထွက်ပေါ်လာသော သေနတ်သံနှင့်အတူ သူမခွေကျသွားသည်။ အမှောင်အတိ ဖုံးသွားသည်က
သူမနောက်ဆုံး အသိ။

နောက်ဆက်တွဲ

အကယ်၍များ သူ့ကိုသားဟုခေါ်ကာ နီးရာသေနတ်ပြောင်းဝသို့ တိုးဝင်အသေခံသွားသော၊
သူ့အခေါ် ကွန်မြူနစ်မတယောက်၏ အတွင်းခံ အင်္ကျီထဲမှ ဓာတ်ပုံတပုံကိုသာ
ဗိုလ်စစ်အောင် တွေ့မြင်ခဲ့မည် ဆိုပါက----------။

ခင်မမမျိုး (၂၆၊ ၁၊ ၂၀၀၈)

(မှတ်ချက်။ သမိုင်းနောက်ခံအချက်အလက်များအား ရဲဘော်ခင်ညို၏
“၄၉-တော်လှန်ရေး မျိုးဆက်တဦး၏ ဘ၀ဒိုင်ယာရီ “နှင့် ဗိုလ်သန်းတင်၏
“စစ်ဆင်ရေးပြီး စစ်ဆင်ရေး“ စာအုပ်များအား ရည်ညွန်းကိုးကားပါသည်။
မွေးရပ်ဌာနေ၊ ရှမ်းမောမြေမှ၊ ယမ်းငွေ့ကျည်ဆံ၊ သေနတ်သံများကြားတွင်
သူရဲကောင်းပီသစွာ ကျဆုံးသွားကြသော တော်လှန်ရေးသမားများအားလုံးအား
ဂုဏ်ယူစွာ ဦးညွှတ်ပါ၏။

ဤနေရာ မှထပ်ဆင့်ကူးယူဖော်ပြပါသည်။

အမေကနတ်မောက်မှာကဗျာရှည်တစ်ပုဒ်နဲ.

ခင်ဗျားက ကဗျာဆရာဘဲ
ကဗျာတစ်ပုဒ်မှ မရေးတဲ့ ကဗျာဆရာဘဲ
ခင်ဗျားက ကဗျာရေးခဲ့တယ်။

ခင်ဗျားပါးစပ်ထဲ တမာပင်တွေ သွားကြားထို.လို.
ခင်ဗျားခြေထောက်ကို
ယင်းချောင်းထဲ တွဲလောင်းချလို.
ခင်ဗျားက ရှေ.နေရဲ.သားဆိုတော့ ရှေ.ကနေခဲ့တယ်
အခြားသူတွေရဲ.အနားမှာ ခင်ဗျားဝင်ဖျားပေးခဲ့သမျှ
အခုခင်ဗျားက တစ်ရွာလုံးရဲ.အောင်လက်မှတ်ပဲ..
တစ်ရွာလုံးရဲ. သောက်ရေအိုးစင်ပဲ
တစ်ရွာလုံးရဲ.စာကြည့်တိုက်ပဲ
ခင်ဗျားအသက်"သုံးဆယ့်နှစ်နှစ်"ထိ
ရေးခဲ့တဲ့ ကဗျာတွေ
အခု လည်နေတဲ့ကမ္ဘာထဲ နေ.တိုင်းချိတ်နေပါတယ်။
ခင်ဗျားကဗျာကို စာရွက်ထဲချရေးဖို.
ကမ္ဘာမှာရှိတဲ့ စာရွက်တွေနဲ.ဘယ်လောက်ပါ့မလဲ
ခင်ဗျား ခုံဖိနပ်သံက
ရန်ကုန်တက္ကသိုလ်ထဲ တဂွပ်ဂွပ်မြည်နေတယ်
ခင်ဗျား ကမ္ဘာ့ခေါင်းဆောင်မဟုတ်ဘူး
အောက်စ်ဖို.ဒ် ကျောင်းဆင်းမဟုတ်ဘူး
ဒါပေမယ့် နောက်လိမ့်ဆင်းသွားတဲ့ ခေတ်ကြီးတစ်ခုလုံး
ခင်ဗျား မ,တင်နိုင်ခဲ့တယ်။

ခင်ဗျား လမ်းလျှောက်သိပ်မြန်တာပဲ
ရွှေစက်တော်ဘုရားလည်း ဖျတ်ခနဲ
မကွေးမြသလွန်လည်း နေချင်းပြန်ပဲ
ခင်ဗျား ကတောသူတောင်သားပဲ မြို.ကြီးသားပဲ
ခင်ဗျားက မြေကြီးပဲ လေပဲ
ခင်ဗျားက ညတိုင်းရွာနေတဲ့ လရောင်ပဲ
ခင်ဗျားက သမိုင်းစာအုပ်ထဲစိုက်ဝင်နေတဲ့ မြှားပဲ
ခင်ဗျားက ကဗျာဆရာပဲ
ကဗျာတစ်ပဒ်မှ မရေးတဲ့ကဗျာဆရာပဲ။ ။

ဆောင်းဝေ(နတ်မောက်)
ဝန်ခံချက်။ ။ ဤကဗျာမှာ"ကဗျာအပြင်ဘက်ကစာသားများ"ကဗျာစာအုပ်ပါဆရာဆောင်းဝေ၏
ကဗျာတစ်ပုဒ်ဖြစ်ပါသည်။။

Wednesday, March 31, 2010

ဦးအေးသာအောင်

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ မတ်လ ၂၉ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၅၆ မိနစ်

ဦးအေးသာအောင်
(အထွေထွေ အတွင်းရေးမှူး၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် - ALD)

အမည် ဦးအေးသာအောင်
အဖွဲ့အမည်၊ တာဝန် တွဲဖက် အတွင်းရေးမှူး (၁၉၈၉-၁၉၉၁) ၊ အထွေထွေ အတွင်းရေးမှူး (၁၉၉၁ မှ လက်ရှိ) ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (ALD)
အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP)
(၁၉၉၈ မှ လက်ရှိ)
အတွင်းရေးမှူး အဖွဲ့ဝင်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် UNLD (၁၉၈၉ မှ လက်ရှိ)
မွေးသက္ကရာဇ် ၁ဝ. ၁၂. ၁၉၄၅
မိဘအမည် ဦးအောင်ထွန်းဇံ၊ ဒေါ်အေးမြိုင်
မွေးရပ်ဇာတိ မြေပုံမြို့၊ ရခိုင်ပြည်နယ်
မွေးချင်း မောင်နှစ်မ ၅ ဦးအနက် တတိယမြောက်
ဇနီးအမည် ဒေါ်သိန်းရင်
သားသမီး သား ၂ ဦး ရှိ
လက်ရှိလိပ်စာ အမှတ် ၃၇၃၊ အောက်ပုစွန်တောင်လမ်း၊ ၃ ရပ်ကွက်၊ ပုစွန်တောင်မြို့နယ်၊ ရန်ကုန်တိုင်း
ပညာအရည်အချင်း ၁၉၆၁ ခုနှစ်တွင် လသာ အထက (၁) ကျောင်းမှ ၁ဝ တန်း အောင်မြင်ခဲ့
ပါဝင်ခဲ့သည့် အဖွဲ့များ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် (Arakan League for Democracy)
ထိန်းသိမ်းခံ ခုနှစ် တပါတီ အာဏာရှင်စနစ် ဆန့်ကျင်ရေး မြေအောက်လှုပ်ရှာမှု ပြုလုပ်သဖြင့် ၁၉၇၅ ခုနှစ်တွင် အင်းစိန်ထောင်၌ ၂ နှစ်ခွဲခန့် ထောင်ဒဏ်ကျခံခဲ့ရ။
၂ဝဝဝ ခုနှစ် ဧပြီလတွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် အစိုးရ အကြည်ညိုပျက်စေရန် ရေးသားလှုံ့ဆော်မှု ၅ (က)၊ ပုံနှိပ်ဥပဒေ ၁၇ ၊ ၂ဝ ဟူ၍ ပုဒ်မ ၃ ခုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခဲ့။ သို့သော် ၂ဝဝ၂ ခုနှစ်တွင် အဆုတ်ကင်ဆာဖြစ်သဖြင့် ခွဲစိတ်ကုသရန် ပြန်လွှတ်ပေးခဲ့သည်။

ရွေးကောက်ပွဲ မဝင်ရသည့် အကြောင်းအရင်း

“၂ဝဝ၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို လေ့လာကြည့်တဲ့အခါကျတော့ အချက် ၂ ချက် တွေ့ရတယ်။ ပထမတချက်က ဒီဥပဒေအရ တိုင်းပြည်ဟာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာဖို့ အလားအလာ မရှိဘူး။ ဘာကြောင့် ပြောနိုင်သလဲဆိုတော့ တပ်မတော်က လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်း နေရာယူထားပြီးတော့ အရေးကြီးတဲ့ ဝန်ကြီးဌာန ၃ ခုဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသရေးကိုလည်း တပ်က ရယူထားတဲ့အပြင် ဖွဲ့စည်းပုံကို ပြင်လို့ မရနိုင်လောက်အောင် ရေးဆွဲထားတယ်။ ဥပမာ - လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော် ထောက်ခံမှ ပြင်လို့ရမယ်လို့ ပါတယ်။ တပ်မတော်က ၂၅ ရာခိုင်နှုန်း ယူထားတော့ ကျန်တဲ့အရပ်ဘက် ၇၅ ရာခိုင်နှုန်း ညီညွှတ်ဖို့တောင် မလွယ်တာ ၇၅ ရာခိုင်နှုန်းကျော်မှ ပြင်ရမယ်ဆိုတော့ ပြင်ဖို့မလွယ်တော့ဘူး''

''နောက်တခုက သမ္မတ၊ ကာကွယ်ရေး ဦးစီးချုပ်စသဖြင့် အဖွဲ့ဝင် ၁၁ ဦး ပါဝင်တဲ့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဆိုပြီး တခုဖွဲ့ထားတယ်။ ဒီကောင်စီဟာ အမြင့်ဆုံးအာဏာတွေကို ချုပ်ကိုင်ထားမယ့် သဘောရှိတယ်။ ပြီးတော့ အဲဒီကောင်စီရဲ့ အဖွဲ့ဝင် ၁၁ ဦးမှာ စစ်တပ်က ၆ ဦး ပါတယ်။ ကျန် ၅ ယေက်ထဲမှာလည်း တပ်နဲ့ သက်ဆိုင်သူတွေ ပါနိုင်တယ်။ ဒီကောင်စီဟာ တိုင်းပြည်နဲ့ ပတ်သက်ပြီး အဆုံးအဖြတ်ပေးမယ့် အဖွဲ့အစည်းတခု ဖြစ်နေတယ်''

''ဒါကိုကြည့်ခြင်းအားဖြင့် ကျနော်တို့မျှော်မှန်းတာက တိုင်းပြည်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်မှ၊ ဒီမိုကရေစီ အခြေခံတွေ ပြည့်ဝမှ နိုင်ငံရေး၊ စီးပွားရေး လွတ်လပ်ခွင့်တွေ ရှိမယ်၊ ဒါမှ တိုင်းပြည် ဖွံဖြိုးတိုးတက်မယ်။ အခုက ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက ချုပ်ကိုင်ထားတဲ့အတွက်ကြောင့် ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေမယ်။ ဒါကြောင့် ပါလီမန် ဒီမိုကရေစီကိုလည်း စစ်တပ်က ချုပ်ကိုင်ထားတော့မယ်။ စစ်အုပ်ချုပ်ရေးအောက်မှပဲ ရှိနေမယ်။ ကျနော်တို့ဖြစ်ချင်တာ ပါလီမန် ဒီမိုကရေစီကို လွတ်လွတ်လပ်လပ်ပဲ ဖြစ်စေချင်တယ်။ ဒါက မဝင်ရတဲ့ အကြောင်းပြချက်တခု''

''နောက်တခုက ၄၈ ခုနှစ်မှာ လွတ်လပ်ရေးရဖို့အတွက် ပင်လုံစာချုပ်မှာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို တန်းတူညီတူရဖို့ သဘောတူညီခဲ့တယ်။ အခု နှစ်ပေါင်း ၆ဝ ကျော်လာတဲ့အထိ တိုင်းရင်းသားတွေ၊ ပြည်နယ်တွေ တန်းတူအခွင့်အရေး မရခဲ့ဘူး။ တိုင်းရင်းသား လူမျိုးတွေရဲ့ မွေးရာပါ အခွင့်အရေးတွေ မရဘူး''

''ဒီဖွဲ့စည်းပုံအရ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွေ၊ ဒေသတွေ သတ်မှတ်ပေးထားပေမယ့် အဲဒီဒေသတွေမှာ တပ်မတော် ကိုယ်စားလှယ်တွေက ၂၅ ရာခိုင်နှုန်း ပါကြမယ်။ ပြည်နယ်ဝန်ကြီးချုပ်ကို သမ္မတက ခန့်မယ်ဆိုတော့ ပြည်နယ်ရဲ့ ဥပဒေပြုခွင့်က မယ်မယ်ရရ ဘာမှပြောပလောက်အောင် မရှိဘူး။ ဒါကြောင့် ပြည်နယ်တွေရဲ့ တန်းတူညီတူ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေကို လိုလားတဲ့ အန်ကယ်တို့ရဲ့ ရည်မှန်းချက်နဲ့ မကိုက်ဘူး။ တိုင်းရင်းသား အခွင့်အရေးတွေကို ဒီဖွဲ့စည်းပုံက လျစ်လျူရှုထားတယ်။ တပ်မတော်ကပဲ ပြည်နယ်တွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတွေ၊ ဒေသတွေကို စိုးမိုးချယ်လှယ် အုပ်ချုပ်နိုင်မှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားတွေရဲ့ တန်းတူရေး၊ အခွင့်အရေးတွေဟာ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဘယ်လိုနည်းနဲ့မှ ဖော်ဆောင်နိုင်မယ်၊ ပေါ်ထွက်လာမယ်လို့ မယုံကြည့်တဲ့အတွက် ဒီဥပဒေအရ ကျင်းပပေးမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို မဝင်ရောက်တာ ဖြစ်ပါတယ်''

ရွေးကောက်ပွဲဝင်ရောက်နိုင်မည့် အနေအထား

“ဒီ ၂ဝဝ၈ အခြေခံဥပေဒကို ပြုပြင်ရေးပေါ့၊ ဒီမိုကရေစီအခြေခံတဲ့ တိုင်းရင်းသား အခွင့်အရေးတွေ ဖော်ဆောင်ပေးမယ့် အချက်အလက်တွေကို ပြင်ဆင်မယ်ဆိုရင် ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ်”

၂ဝ၁ဝ ရွေးကောက်ပွဲ၏ လိုအပ်ချက်

“ရွေးကောက်ပွဲဆိုတာ နိုင်ငံတနိုင်ငံကို ဒီမိုကရေစီဖော်ဆောင်ဖို့အတွက် လုပ်ထုံးလုပ်နည်းတခုပေါ့။ ရွေးကောက်ပွဲ ကျင်းပပေးရုံနဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမယ်၊ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်လာမယ်လို့ သေချာပေါက် ပြောလို့မရဘူး။ ဒါကြောင့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ် ထူထောင်ဖို့အတွက် အချက်တချက်ပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမလုပ်ခင်မှာ ကောင်းမွန်တဲ့ နိုင်ငံရေးအခင်းအကျင်းတွေလုပ်ဖို့ လိုအပ်ပါတယ်။ ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲနေပါတယ်။ အထူးသဖြင့် တပ်မတော်အင်အားစုနဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသား အင်အားစုတွေ မညီမညွတ် ဖြစ်နေပါတယ်။ ဒါတွေကို ညီညွတ်အောင်လုပ်ဖို့ အမျိုးသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရပါမယ်။ အဲဒါ တည်ဆောက်ဖို့အတွက် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးရေးတွေ လုပ်ပြီးတော့ အမျိုးသား စည်းလုံးညီညွတ်ရေး အတွက် လုပ်ငန်းစဉ်တွေ ချရပါမယ်။ ဖွဲ့စည်းပုံတွေ ဆွဲရပါတယ်။ အဲလို အခင်းအကျင်းတွေပြီးမှ ရွေးကောက်ပွဲကို သွားဖို့လိုပါတယ်။ အခု နိုင်ငံရေး အခင်းအကျင်းတွေက ဒီမိုကရေစီနိုင်ငံ ဖော်ဆောင်ပေးမယ့် အခင်းအကျင်းမျိုး မဟုတ်ပါဘူး”

၁၉၉ဝ ရွေးကောက်ပွဲနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲ ကွာခြားချက်

''ဟိုတုန်းကတော့ အပြောင်းအလဲတခုခု ဖြစ်မယ်ပေါ့။ ဒီမိုကရေစီနိုင်ငံ ဖြစ်လာမယ်။ ရွေးကောက်ပွဲပြီးရင် အနိုင်ရပါတီက အစိုးရဖွဲ့မယ်။ ပြီးရင် လွှတ်တော်ခေါ်မယ်။ လွှတ်တော်မှာ အမျိုးသားရေး လုပ်ငန်းစဉ်တွေချမယ်။ ဖွဲစည်းပုံရေးဖို့အတွက် ပင်လုံလိုမျိုး ညီလာခံခေါ်ယူမယ်။ ဒါမှမဟုတ် အထူးတာဝန်ပေးထားတဲ့ ကော်မရှင်တရပ်က အခြေခံ ဥပဒေရေးဆွဲဖို့လုပ်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားဆန္ဒ၊ ပြည်သူတွေရဲ့ ဆန္ဒတွေနဲ့ ရေးနိုင်မယ်။ အဲဒီအခါ စစ်မှန်တဲ့ ပြည်ထောင်စုတခု ပေါ်ထွက်လာမယ်လို့ ရွေးကောက်ပွဲမတိုင်မီ အခင်းအကျင်းတွေအရ မျှော်လင့်လို့ရတယ်''

''အခုက အဲဒီလို မျှော်လင့်လို့မရဘူး။ ဖွဲ့စည်းပုံကို တဖက်သတ်ရေးဆွဲတယ်။ ညီလာခံကလည်း ပင်လုံလိုမျိုး မဟုတ်ဘဲ တဖက်သတ်ကျင်းပတယ်။ သူတို့ချမှတ်ထားတဲ့ မူအတိုင်း တဖတ်သတ်ရေးဆွဲတယ်။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုလည်း လျစ်လျူရှုတယ်။ ၉ဝ တုန်းက နဝတဟာ အခြေခံဥပဒေကို အကာအကွယ်ယူထားတာ မရှိဘူး။ ဒီ ၂ဝ၁ဝ မှာတော့ နအဖက ၂ဝဝ၈ အခြေခံဥပဒေနဲ့ အကာအကွယ် ယူထားတယ်။ အဲဒါတွေ ကွာခြားတယ်''

၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အပေါ် သဘောထား

''ကျနော်တို့ကတော့ ဒီ ၉ဝ ရလဒ်ကို ဆုပ်ကိုင်ထားမယ်။ ၉ဝ ရလဒ်ဟာ နဝတ က ကျင်းပပေးတာ ဖြစ်ပေမယ့် လွတ်လပ်ပြီး တရားမျှတတယ်။ နိုင်ငံတကာကလည်း အသိအမှတ်ပြုတယ်။ ကြေလည်း ကြေညာပြီးပြီ။ ဒါကို တစုံတခုသော နည်းလမ်းနဲ့ မဖော်ဆောင်ဘူးဆိုရင် နိုင်ငံအတွက်ရော၊ နိုင်ငံရေးသမိုင်းမှာပါ အမည်းစက်တခုအဖြစ် တင်ကျန်ခဲ့မှာ ဖြစ်တယ်။ မကောင်းတဲ့ အစဉ်အလာတခုပဲ။ ဒါကို တနည်းနည်းနဲ့ သိက္ခာရှိရှိ အကောင်အထည် ဖော်စေချင်တယ်။ အကောင်အထည် မဖော်မချင်း ဆုပ်ကိုင်ထားမယ်''

ရွေးကောက်ပွဲလွန်ကာလ ဖြစ်လာနိုင်မည့် အနေအထား

''ဒီရွေးကောက်ပွဲဟာ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကို ဖော်ဆောင်ပေးနိုင်မယ်လို့ မယူဆဘူး။ အဲတော့ ရွေးကောက်ပွဲလွန်ကာလမှာ တိုင်းရင်းသားတွေရဲ့ ကျေနပ်မှုကိုလည်း ရမယ်မထင်ဘူး။ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ KIO ၊ ဝ ၊ မွန်ပြည်သစ်တွေကလည်း ၂ဝဝ၈ အခြေခံဥပဒေအရ လုပ်ဆောင်လာတဲ့ နယ်ခြားစောင့်တပ်အရေးကို လက်မခံဘူး။ အဲတော့ တိုင်းပြည်မှာ နိုင်ငံရေး တည်ငြိမ်မှုတွေ မရှိနိုင်ဘူး။ ပြည်တွင်းစစ်ကိုလည်း ငြိမ်းစေမှာ မဟုတ်သလို၊ ပြည့်ဝတဲ့ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ အန်ကယ်တို့လို ပါတီတွေ၊ NLD လို ပါတီတွေ မပါဝင်တဲ့အတွက် အမေရိကန်၊ ဥရောပနိုင်ငံတွေ အပါအဝင် နိုင်ငံတကာကလည်း ဒီရလဒ်ကို အသိအမှတ်ပြုမယ်လို့ မယုံကြည်ဘူး။ ဒီလိုဆိုရင် ဒီရွေးကောက်ပွဲရဲ့ ဟိုဘက် ရလဒ်ဟာလည်းပဲ နိုင်ငံရေးအဓိပ္ပာယ် ရှိလိမ့်မှာ မဟုတ်ဘူး။

Tuesday, March 30, 2010

ကျပ် ၅ သိန်းတန်ဖုန်းများ လက်ကျန်ငွေအကုန်အသုံးမပြုမိရန်လို

သတင်း - မြန်မာဆက်သွယ်ရေးလုပ်ငန်းမှ ချပေးထားသော ကျပ် ၅ သိန်းတန်ဖုန်းများကို ငွေလက်ကျန်အကုန်သုံးမိပါက ဖုန်းလိုင်း တစ်လ အပိတ်ခံရမည်ဟုသိရသည်။ ငွေလက်ကျန် အနည်းဆုံး ၁၀၀၀ ချန်ထားကာ ငွေထပ်မံဖြည့်သွင်းရမည်ဖြစ်ပြီး သက်တန်းမကုန်ဆုံးမှီ ငွေဖြည့်ခြင်းကို မလုပ်ဆောင်ပါက တစ်လအသုံးပြုနိုင်တော့မည်မဟုတ်သည့်အပြင် ၀ယ်ယူထားသော ငွေတန်ဖိုးပါ ဆုံးရှုံးရမည်ဖြစ်ကြောင်းသိရသည်။ ကြိုတင်ငွေဖြည့်ကတ်မှာ GSM များကဲ့သို့ ကဒ်ထည့်ရသည်မဟုတ်ဘဲ ကတ်ကို ခဲခြစ်၍ ကုတ်နံပါတ် ရိုက်ထည့်ရသည့် စနစ်ဖြစ်သည်။ ကုတ်နံပါတ်ထည့် ပုံများကို ၀ယ်ယူသောနေရာများတွင် သင်ယူနိုင်ပြီး ဖုန်းကတ်နံပါတ် ထည့်သွင်းခြင်း ၅ ခါ မှားယွင်းပါက ၂၄နာရီ အထွက်လိုင်းအပိတ်ခံရမည်ဖြစ်သည်။ ကြိုတင်ငွေဖြည့်ကတ်မှာ မြန်မာငွေဖြင့် ကျပ် တစ်သောင်းတန် နှင့် သုံးသောင်းတန်ဟူ၍ရှိပြီး ၊ FEC 20 တန်လည်းရှိကြောင်းသိရသည်။ ပြည်တွင်းသာအသုံးပြုရန်ဆိုပါက FEC ကဒ်ကို ၀ယ်ယူစရာမလိုကြောင်းလည်း သိရပါသည်။

ရန်ကုန်မြို့ရှိ လူစည်ကားရာနေရာများတွင် စုံတွဲများအနေအထိုင်မဆင်ခြင်လျှင် အရေးယူမည်


သတင်း - ရန်ကုန်မြို့ လူစည်ကားရာနေရာများဖြစ်သော တန်ခိုးကြီးဘုရားများ ၊ ပြည်လမ်း ၊ ကမ္ဘာအေးစေတီလမ်း နှင့် အင်းယားကန်ဘောင်များပေါ်တွင် စုံတွဲများ မြင်တွေ့လို့မသင့်တော်သော အပြုအမူများ ၊ လုပ်ရပ်များ တွေ့ရှိပါက တာဝန်ရှိသူများက ပထမအကြီမ် ဓါတ်ပုံရိုက်ခေါ်ယူမေးမြန်းပြီး မိဘများထံသို့ ဓါတ်ပုံများနှင့်အတူ အပ်နှံမည်ဖြစ်ပြီး ထိုကဲ့သို့ ဒုတိယအကြိမ်တွေ့ရှိပါက ဓါတ်ပုံများကို ဂျာနယ်များမှ ဖော်ပြအရေးယူမည်ဖြစ်ကြောင်းသိရပါသည်။ ယင်းသို့ ပြုလုပ်ရခြင်းသည် နိုင်ငံခြားဧည့်သည်များ မြန်မာ့ယဉ်ကျေးမှုကိုလေးစားရန်နှင့် အထင်သေးမှုမဖြစ်ပေါ်စေရန် ရည်ရွယ်သည်ဟုသိရပါသည်။

အချစ်ဆိုတာ(ဖြေကြည့်ပေးပါ)

  • အချစ်ဆိုတာ ဖြေရှာညှိမရတဲ့ ဝေဒနာအသိတစ်ခုကို ဖွေရှာမိနေတဲ့ ခံစားမှုတစ်ခု ..

  • အချစ်ဆိုတာ ရှုံးနိမ့်ခြင်း အောင်နိုင်ခြင်းတွေနဲ့ ကြုံတွေ့ရသလို တစ်ခါတစ်ရံ မျိုသိပ်ထားရာမှ ပုန်းလျှက်ထွက်လာတဲ့ စိတ်စေညွှန်တဲ့အရာ ..

  • အချစ်ဆိုတာ မေတ္တာစစ်ရင် ရှုံးလျှက်နေရင်တောင် အမုန်းမဖက်တဲ့ သစ္စာတရား ..

  • အချစ်ဆိုတာ ရှိုက်ထိလွယ်လို့ လှိုက်ဖိုမိစေတဲ့ စိုးရိမ်ကြောင့်ကြမှု ..

  • အချစ်ဆိုတာ လေယူရာတိမ်း ယိမ်းနွဲ့တတ်ပေမယ့် ယှက်ဖြာနေရင် ရုန်းမထွက်လို့ ယိမ်းမသွားစေတဲ့ စစ်မှန်ခြင်းသဘော ..

  • အချစ်ဆိုတာ ရုပ်ဆင်းသဏ္ဍာန်နှင့် ထိတွေ့ပြောဆိုမှုအပေါ် သာယာစေတတ်တဲ့ တဏှာပေမ ..

  • အချစ်ဆိုတာ ကြောက်စိတ်ကို ပယ်ပျက်စေသလို ရဲရင့်မှုကို ဂုဏ်ဆောင်စေတဲ့ သတ္တိ ..

  • အချစ်ဆိုတာ သတိရတက်မက်မှုကြောင့် ရယူလိုစိတ် ဖြစ်ပေါ်ခြင်းနှင့် မဖြစ်နိုင်မှန်း သိခြင်းစလို့ စွန့်လွှတ်ရခြင်းအဖြစ်ကို ပေးဆပ်ရတဲ့ ထွေပြားစေတဲ့အရာ ..

  • အချစ်ဆိုတာ ပြောရခက်ပေမယ့် ခံစားသိတဲ့ အာရုံတစ်ပါး ..

  • အချစ်ဆိုတာ တစ်ယောက်ထဲအတွက် ပိုင်ဆိုင်မှုများစွာကို လိုလားမိတဲ့ လောဘ ..

  • အချစ်ဆိုတာ ရေပျော်ငါးလို လူးလွန့်စေတဲ့ စိတ်ကြွမှု ..

  • အချစ်ဆိုတာ အတောင်အလက်နဲ့ ပျံသန်းနေရင်း အချိန်တန်ရင် ပျောက်ရှသွားမယ့် မမြဲခြင်းတရား (ခန္ဓာငြိမ်းသည့်အခါ) ..

  • အချစ်ဆိုတာ ကြင်နာယုယ အစဉ်သာနုပြစေသလို တစ်ခါတစ်ရံ အခန့်မသင့်လို့ လမ်းပျောက်ရင် ဆောင့်တတ်စေတတ်တဲ့ ဒေါသ ..

  • အချစ်ဆိုတာ ကိုယ့်ချစ်သူက ကိုယ့်တစ်ယောက်ထဲကို လူပုံအလယ် နှစ်ယောက်ကမ္ဘာငယ်မှာ အရမ်းချစ်ပြတာကို လိုလားမိတဲ့ ဆန္ဒ ..

  • အချစ်ဆိုတာ ငြီးငွေ့လွယ်ပြီး ထိတွေ့ကြွယ်သလို တိုးပွားချစ်စေတဲ့ ပြောင်းလဲမှုတစ်ခု ..

  • အချစ်ဆိုတာ လူ့ဘ၀ဖြစ်စဉ်မှာ ထူးကဲစွာ တွေ့ဆုံကြုံကွဲရတဲ့ ဖြစ်ရပ် ..

  • အချစ်ဆိုတာ တစ်ခါတစ်ရံ နှလုံးခုန်နှုန်းကို ပိုမြန်စေတဲ့ သွေးလည်ပတ်မှု ..

  • အချစ်ဆိုတာ နီးခြင်း ဝေးခြင်းထက် တန်ဘိုးထား မြတ်နိုးမှုအပေါ် မူတည်၍ ခိုင်မြဲစေတတ်တဲ့ ဆုံဆည်းခြင်း ..

  • အချစ်ဆိုတာ လူတွေ သတ်မှတ်ထားတဲ့ ပညတ်ချက်တစ်ခု ..

  • အချစ်ဆိုတာ ယုံကြည်မှုရှိရင် ပုံအပ်နှင်းတတ်တဲ့ မိုက်မဲမှု ..

  • အချစ်ဆိုတာ မချစ်တတ်သူ ၊ တန်ဘိုးမထားသူတွေအတွက် ဖယောင်းမီးလို ထွန်းညှိလင်းနေပေမယ့် အကာအကွယ်ပေးမထားမိရင် လေအတိုက်မှာ ဟုတ်ခနဲနဲ့ ဖျတ်ခနဲ ပျောက်ပျက်သွားတတ်တဲ့ အလင်းရောင် ..

  • အချစ်ဆိုတာ အချစ်ငတ်သူတွေအဖို့ ဟိုယောင်ဒီယောင်နဲ့ အချစ်လိုချင်ပြီး မရရှိတဲ့ အထီးကျန်ခြင်းတစ်မျိုး ..

  • အချစ်ဆိုတာ ချစ်နေတုန်းမှာ ကြည်နူးသလို အသည်းကွဲတဲ့အခါ ၀မ်းနည်းခြင်းစိတ်ကို အစပြုလို့ နာကြဉ်စေတတ်သလို ရှောင်ဖယ်လို့ မျိုသိပ်ကြိတ်မှိတ်တတ်ပြီး ပွင့်အန်ထွက်စေတဲ့ အပြုအမူနှင့်အတူ ရင်ဖွင့်ဖေါ် တိုင်ပင်ဖေါ် ရှိစေတတ်တဲ့ ဒွိဟများစေတဲ့ စိတ် ..

  • အချစ်ဆိုတာ မုန်းတီးခြင်းနှင့် နောင်တရစေမှုကို ဖြစ်ပေါ်စေတတ်တဲ့ မာန် ..

  • အချစ်ဆိုတာ အညှိုးအတေးတွေနဲ့ လုပ်ကြံတတ်သလို တစ်ကယ်မချစ် အစစ်မပါတဲ့ ဟန်ဆောင်မှုတစ်မျိုး ..(အချစ်စစ်မဟုတ်ရင်)

  • အချစ်ဆိုတာ မမေးပဲ မပြောပဲသိတဲ့ စကားဝှက်ရဲ့အဖြေ ..

  • အချစ်ဆိုတာ ကိုင်တွယ်မြင်တွေ့ ထိလျှင်မရပေမယ့် အိမ်ထောင်မှု တည်ဆောက်ချင်အောင် တွန်းအားပေးစေတဲ့ အာသီသ ..

  • အချစ်ဆိုတာ စိတ်အသိမှ ရင်ဘတ်အထိ မိပြီးတော့ ပါးစပ်ခံတွင်းမှ ပွင့်အန်ထွက်လာတဲ့ လေအသုံးတော်ခံစကား ..

  • အချစ်ဆိုတာ နောက်ဆုံးမှာ သဘာဝလောကကြီးနှင့်ယှဉ်ရင် မဖြစ်စလောက်ပေမယ့် လှုပ်ရှားရှင်သန်နေသူတွေအဖို့တော့ အချစ်ကြောင့် အရာရာကိုဖြစ်ပေါ်စေသလို ပြောင်းလဲစေတတ်တဲ့ သီအိုရီမရှိတဲ့ နိယာမတစ်ခု ..

  • အချစ်ဆိုတာ သေချာတစ်ခုကတော့ အချစ်ရှုံးလို့ လူဖြစ်ရှုံးရတဲ့ လူတွေရှိသလို အချစ်ခံလို့ အပြန်အလှန် အစစ်အမှန်တွေနဲ့အတူ ထာဝရမှာ ပျော်လျှက်သာ ဖြတ်သန်းကုန်လွန်စေတဲ့ လူဖြစ်ခြင်းနှင့် တစ်ယောက်နှင့်တစ်ယောက် နားလည်မှုအပေါင်း သရဖူဆောင်းနိုင်ပါစေလို့ ဆုတောင်းရင်း ..

ရခိုင်ပြည်တော်လှန်ရေးမအောင်မြင်ရခြင်းအကြောင်းရင်း

ရခိုင်ပြည်သူတို့ အမှန်တကယ် လိုလားသော ချစ်မြတ်နိုးသော ရခိုင်ပြည် လွတ်မြောက်ရေး မအောင်မြင်ရခြင်း အကြောင်းမှာ- အောက်ပါ အတိုင်းဖြစ်သည်ဟု ကျန်ုပ်အနေဖြင့် တွေးတော သုံးသပ်မိပါသည်။
-ရခိုင်ပြည်အတွက် တော်လှန်တိုက်ပွဲဝင်နေသော ပါတီ၊ အဖွဲ့အစည်း၊ တသီးပုဂ္ဂလများ အားလုံးသည် ရခိုင်ပြည်လွတ်မြောက်ရေးကို အမှန်တကယ် လိုလားသူများဖြစ်ကြသည်။
-ယင်းသို့ လိုလား၍ပင် မိမိတို့ အတတ်ပညာ ဥာဏ်ပညာများကို မိသားစုအတွက် မိမိအတွက် အသုံးမချပဲ ရခိုင်ပြည်အတွက် အသုံးချမည်ဟူ၍ တော်လှန်ရေး နယ်မြေဟု ခေါ်သော ပြည်ပများကို ထွက်ကာ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် မိမိ ဘ၀ တဘ၀စာ လွတ်မြောက်ရေးကို မငဲ့ကွက်ကဲ စွန့်ခွာ ထွက်လာခဲ့ကြသည်။
-ထို့သို့ ရခိုင်ပြည် လွတ်မြောက်ရေးအတွက် တော်လှန်ရေး နယ်မြေကို ရောက်ရှိလာပြီးနောက် မိမိကဲ့သို့ ပန်းတိုင် (ရခိုင်ပြည်လွတ်မြောက်ရေး) တူသော သူများကို တွေ့ရှိလာကြသည်။
-အဆိုပါ ပန်းတိုင် ရည်ရွယ်ချက် တူသော သူများအားလုံး အား စုဝေးပြီး တညီတညွတ်တည်း ဖြစ်အောင် တည်ဆောက်နိုင်သည့် အခါလည်း ရှိခဲ့သလို မရှိနိုင်ခဲ့သည်များလည်း ရှိသည်။
-သို့ဆိုလျှင် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တော်လှန်ရေးနယ်မြေကို ရောက်ရှိလာသော ပညာရှိ ပညာ တတ်များသည် မည်သည့်အတွက်ကြောင့် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ခိုင်မြဲသော မှတ်တိုင် တခုကို စိုက်ထူနိုင်ခဲ့ခြင်း မရှိခဲ့ကြပါသနည်း။
-စဉ်းစားစရာ ဖြစ်နေပြီဖြစ်သည်။
- ဆက်ပြီး စဉ်းစားကြည့်လျှင် အခြားသူများ အဖို့ ကျန်ုပ်အနေဖြင့် မစဉ်းစားတတ်။
-ကျန်ုပ်၏ တွေးခေါ်မှုအရ ဆိုလျှင် အဆိုပါ ရခိုင်ပြည် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသူများသည် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြသည့်အပြင် တခြား တိုက်ပွဲ၊ ပြိုင်ပွဲများကိုလည်း ၀င်ရောက် ယှဉ်ပြိုင်ပါဝင်နေကြရသည်။ ယင်းကြောင့်ပင် ရခိုင်ပြည်တော်လှန်ရေးသည် အချိန်ကြန့်ကြာနေခဲ့ရခြင်းဖြစ်သည်။
-ရခိုင်ပြည်တော်လှန်ရေး အောင်မြင်မည်ဟု ကျန်ုပ်အနေဖြင့် ယူဆသည်။ သို့သော် ယခုတော့ မဟုတ်သေး မဖြစ်နိုင်သေး။
ယင်းတော်လှန်ရေးသမားတို့ ပြိုင်ပွဲဝင်နေသော တခြားတိုက်ပြိုင်ပွဲများ အဆုံးသတ်မှဟု သုံးသပ်မိသည်။

နောက်တချက်တွင်မူကား- ရခိုင်ပြည်တော်လှန်ရေး မအောင်မြင်ရသေးခြင်း အကြောင်းတရားမှာ
-စစ်မှန်သော ရင်တွင်းမှ ဖြစ်တည်လာသော ခံယူချက်ဖြင့် ကျေကျေနပ်နပ်နှင့် အားပေးမည့် ပြည်သူလူထု မရှိသေးခြင်း။
- သစ္စာရှိစွာဖြင့် ရေကုန်ရေခမ်း ကြိုးစားမည့်၊ ဒုက္ခ သုခကို မျှဝေခံစားပြီး နောက်ဆုံးထွက်သက်အထိ သစ္စာရှိသွားမည့် တော်လှန်ရေးသမားများ နည်းပါးနေခြင်း။
-ခိုင်မာ တောင့်တင်းသော ဘဏ္ဍာရေး တည်ဆောက်နိုင်မှု မရှိသေးခြင်း.....စသည့် အကြောင်းတရားတို့ကြောင့် ဟု သုံးသပ် မိသည်။

ယင်းတို့အားလုံး ဟန်ချက်ညီသည့်တနေ့တွင် ရခိုင်ပြည်တော်လှန်ရေးသည် မုချ အောင်မြင်မှု ပန်းတိုင်ကို ဆုပ်ကိုင်နိုင်မည်ဖြစ်သည်ဟု ကျန်ုပ်အနေဖြင့် သုံးသပ်မိသည်။

ရဲဘော် အောင်စိုး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Free Web Hosting